မြန်မာမှာတိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
မြန်မာစစ်ခေါင်းဆောင် နဲ့ ဧပြီ ၁၇ ရက်နေ့က တွေ့ဆုံစဉ်အတွင်း နိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ တိုက်တွန်းခဲ့တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ထုတ်ဖော် ပြောကြားပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲတဲ့ ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲတွေရပ်တန့်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မြန်မာပြည်သူများထံသို့ ပေးနိုင်ရေးနှင့် အကူအညီလိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိရေးကို အဓိကဆွေးနွေးခဲ့သလို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မလေးရှားနိုင်ငံမှာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ ကိစ္စရပ်တွေကိုလည်း ပြောဆိုခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘန်ကောက်မြို့မှာ ဧပြီ ၁၇ ရက် ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီးနောက် ပဋိပက္ခအတွင်းက အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ဒေသတွင်းကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဧပြီ ၁၈ ရက် သောကြာနေ့မှာ တွေ့ဆုံခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတွေ့ဆုံပွဲအတွင်း အာဆီယံဥက္ကဋ္ဌနဲ့ တကွ အဖွဲ့ဝင်နိုင်ငံတွေအားလုံး နဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ NUG ကလည်း သတင်းထုတပြန်ပါတယ်။