စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဧပြီလ ၁၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲခံရပြီး အရပ်သားခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ပေါင် ၅၀၀ ဗုံးကြဲတာဗျ။ ယောက်ျားလေး လေးဦး၊ မိန်းကလေး နှစ်ဦး ဒဏ်ရာရသွားတာပါ။ အသက်လက်ပိုင်းတွေချည်းပဲဗျ”
ဒီအပြင် ကျည်တောက်ပေါက်ရွာ စာသင်းကျောင်းဆောင် သုံးဆောင်လည်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်မယ်ဆိုပြီး ဧပြီလ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ သီတင်း သုံးပတ်ကြာအောင် အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ ဒီကာလအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။