အာဆီယံ ဥက္ကဋ္ဌ နဲ့ NUG ဝန်ကြီးချုပ်တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
အာဆီယံဥက္ကဋ္ဌနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်တို့ ဧပြီ ၁၈ ရက်နေ့မနက်က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အကြာမှာ အာဆီယံဥက္ကဋ္ဌနဲ့ NUG အစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်လူသိရှင်ကြား တွေ့ဆုံတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်မှုအခြေအနေနဲ့ လိုအပ်နေသူတွေဆီ အကူအညီရောက်ရှိရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၁၇ ရက်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပြီး စစ်ရပ်စဲရေး သက်တမ်းတိုးဖို့၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်ရေး အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံဥက္ကဋ္ဌ ကိုယ်တိုင် NUGနဲ့ တွေ့ဆုံလာတာဟာ မြန်မာပြည်ရဲ့ အခြေအနေမှန်ကို အာဆီယံက နားလည်လက်ခံလာတာလို့ NUGဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
"အခုကတော့ ကျွန်တော်တို့ တရားဝင် သတင်းပါတစ်ခါတည်း ထုတ်ပြန်ပြီးတော့ တရားဝင်တွေ့ဆုံတဲ့ သဘောမျိုးလို့ ပြောလို့ရပါတယ်။ အဲ့တော့ တိုင်းရင်းသားတွေနဲ့ NUG က မြေပြင်မှာပါ တကယ် လက်တွေ့ စိုးမိုးပြီးတော့ ထိန်းချုပ်ပြီးတော့ အုပ်ချုပ်ရေး ထူထောင်နေတာတွေ၊ နောက်ပြီးတော့ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးနေတဲ့ကိစ္စတွေ ဒါတွေလည်း ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီအနေအထားတွေကို အာဆီယံက နားလည် သဘောပေါက် လက်ခံလာတဲ့ အခြေအနေတစ်ခုလို့တော့ မြင်ရမှာဖြစ်တယ်။ ဒါက အစတစ်ခုလို့တော့ ကျွန်တော်တို့က သုံးသပ်ပါတယ်”
အာဆီယံဥက္ကဋ္ဌကတော့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူဖြစ်ဖို့ အသိုင်းအဝိုင်းအားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
မြန်မာမှာ ငလျင်ဘေးဒဏ် အကူအညီပေးရေး ပိုမိုလုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ကတိကဝတ်ပြုခဲ့တယ်လို့ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ပြောဆိုကြောင်း Reuters သတင်းကလည်း ဖော်ပြပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ အကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်နိုင်ချေရှိတယ်လို့ ပြောဆိုထားပြီး ဧပြီလဆန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးဟာ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ထူးခြားတာက မင်းအောင်လှိုင်က NUGနဲ့ အာဆီယံဥက္ကဋ္ဌတွေ့မယ်ဆိုတာကို အန်နဝါတို့က ပြောရဲ့သားနဲ့ လက်ခံခဲ့တာပါပဲ။ အဲ့တော့ ကျွန်မကြည့်တာကတော့ ကျွန်မတို့ မြန်မာပြည်ရဲ့ တော်လှန်ရေး အခြေအနေဟာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် တစ်စုံတစ်ရာ ပြန်ရောက်နိုင်မယ်ထင်တယ်”
စစ်ကောင်စီနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကြား ဆွေးနွေးပွဲ ဖြစ်လာနိုင်ချေနဲ့ ပတ်သက်လို့ NUGဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ပြောတာက -
“ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ နိုင်ငံရေး ဦးတည်ချက် ခြောက်ချက်ပေါ့နော်၊ ဒီဟာကို ကျွန်တော်တို့ အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ဒါတွေက စစ်တပ်က နိုင်ငံရေးက ထွက်ရမယ်၊ လက်နက်ကိုင်အင်အားစုတွေ အကုန်လုံးဟာ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ ပြီးတော့ ၂၀၀၈ အောက်ကနေ ကျွန်တော်တို့ ပြန်မသွားဘူး။ အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ် ကျွန်တော်တို့ ရေးဆွဲမယ်။ အဲ့ဒီမှာလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ရေးဆွဲမယ်၊ အဲ့ဒီ အခြေခံဥပဒေမှတစ်ဆင့် ကျွန်တော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်မယ်၊ နောက်ဆုံး အရေးအကြီးဆုံးကတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့ သူတွေအနေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖြစ်စဉ်ကို ဖြတ်သန်းကြရမယ်။ ဒီအချက်တွေအပေါ်မှာ အခြေခံပြီးတော့မှ စကားပြောခြင်း မပြောခြင်းဆိုတဲ့ကိစ္စ ဖြစ်လာမယ်ဆိုတာ အတိအလင်းပြော ထားပြီးဖြစ်ပါတယ်”
မြန်မာမှာ တိုက်ပွဲတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုက်တွန်း
စစ်တပ်နိုင်ငံရေးကထွက်ရေး မဖြစ်နိုင်တဲ့တောင်းဆိုမှုလို့ ဗိုလ်ချုပ်ကြီးရာပြည့်ပြော
ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း သူတို့အနေနဲ့ စေ့စပ်ဆွေးနွေးရေးကို မငြင်းပယ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အရင်လို ဆွေးနွေးလို့ မရတော့ဘူးလို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရတော့ ကျွန်တော်တို့ ဘယ်တော့မှ ဟိုးအရင်တုန်းကလို မလုပ်နိုင်တော့ဘူးဆိုတာ သေသေချာချာ ရှင်းပြပြီးသားပါ။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့ ငြင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ အရင်တုန်းက ပွဲတွေလို လိုက်သွားလို့တော့မရတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောထားရပါမယ်”
အရင်တုန်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ကျိုးပျက်ခဲ့ပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်ဆွေးနွေးပွဲတွေ မဖြစ်ခင်မှာ စစ်တပ်က နိုင်ငံရေးကနေ ထွက်ဖို့၊ အရပ်သားအစိုးရအောက်မှာ နေဖို့၊ အတိတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံဖို့ စတဲ့ အချက်တွေကို အရင်ဆုံး လက်ခံရမယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုနေပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ဒါပေမဲ့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးရက် မတ်လ ၂၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။