သပိတ်ကျင်းမှာ ဗုံးကြဲခံရပြီး အရပ်သား ၁၃ ဦးသေဆုံးကြောင်း PDF ပြော
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၈ ရက်နေ့မနက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ဂျက်တိုက်လေယာဉ်နဲ့လာရောက်ပြီး ပေါင် ၃၀၀ ဗုံးတစ်လုံးနဲ့ ပစ်ချခဲ့တာလို့ဆိုပါတယ်။
သေဆုံးထိခိုက်သူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
လိပ်ကျကျေးရွာဟာ မန္တလေး-မြစ်ကြီးနား အမြန်လမ်းမပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် ၆၀ ခန့်အကွာမှာရှိပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။