ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စာသင်ကျောင်းနဲ့အရပ်သားနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်က “ကောလင်းလည်းလေကြောင်းအတိုက်ခံရတယ်။ စစ်ရှောင်တွေနေတဲ့နေရာလို့သိထားတယ်။ အဲ့နေရာမှာတော့ အမျိုးသမီး တစ်ယောက်သေဆုံးတယ်လို့သတင်းရရှိထားပါတယ်”လို့ အတည်ပြုပါတယ်။
စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ စစ်ရေးလှုပ်ရှားမှုတစ်စံတစ်ရာမရှိသလို လေကြောင်းတိုက်ခိုက်မှု အတွင်း နောက်ထပ်အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အဆောက်အဦးပျက်ဆီးဆုံးရှုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကတော့ ဝန်းသိုမြို့နယ်၊နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် အရပ်သား ၂၆ ဦးထိသေဆုံးခဲ့ရပါသေးတယ်။
စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ NUG လက်အောက်ခံ PDF နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတပ်ဖွဲ့ဝင်တွေနေရာယူထားလို့တိုက်ခိုက်တာဖြစ်ကြောင်းဆိုကြပါတယ်။
ဒီအခြေနေနဲ့ပတ်သက်လို့ NUG ရဲ့ပြန်ကြားရေးတာဝန်ခံဦးနေဘုန်းလတ်က“စစ်ကောင်စီမွေးထားတဲ့ လော်ဘီတွေကတော့ ဒီနေရာတွေက PDF တွေရှိလို့ပါ။ တော်လှန်ရေးသမားတွေရှိလို့ပါဆိုတဲ့ ဇာတ်ကြောင်းကိုပုံဖော်ဖို့ကြိုးစားနေတာလည်းတစ်ပြိုင်တည်းတွေ့နေရပါတယ်။ တကယ်တမ်းကျတော့မဟုတ်ပါဘူး။ အခုအများစုက တော်လှန်ရေးအင်အားစုတွေရှိနေတဲ့နေရာမဟုတ်ဘဲနဲ့ ပြည်သူတွေ ရှိနေတဲ့အရပ်သားပစ်မှတ်တွေကို ပစ်ခတ်နေတာ ဖြစ်တယ်ဆိုတာကိုတော့ပြောလိုပါတယ်”လို့ဆိုပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကျောင်းသားတပ်မတော် ABSDF နဲ့ NUG လက်အောက်ခံ ကာကွယ်ရေးပူးပေါင်းတပ် တွေဟာ ဒီလေကြောင်းတိုက်ခိုက်မှုတွေမတိုင်ခင် ဧပြီလ ၇ ရက်နေ့မှာဘဲ အင်းတော်မြို့နယ်ကိုအပြီးသတ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ဝန်းသိုမြို့နယ်ဟာ စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ အင်းတော်မြို့နဲ့ ၃၅ မိုင်ခန့်အကွာမှာဘဲ တည်ရှိသလို ကောလင်းမြို့နယ်ဟာလည်း ဝန်းသိုမြို့နဲ့ကပ်လျှက်မှာဘဲတည်ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် ဖလမ်းမြို့ကိုပါ လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီလ ၉ ရက်နေ့ ဖလမ်းမြို့မှာစစ်ကောင်စီတပ်တွေ ကင်းစင်ကြောင်းကြေဘာအပြီးမှာဘဲ ချင်းပြည်နယ်ထဲက တီးတန်နဲ့မင်းတပ်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ရပါသေးတယ်။
By – အမိုး
The post ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး appeared first on Kachin News Group (KNG).