ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး
ကချင်ပြည်နယ် ပူတာအိုမြို့နယ် အင်နဒူးရွာမှာ အမျိူးသမီးတစ်ဦး မှိုချက်စားရာကနေ မှိုအဆိပ်သင့်ပြီးသေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပူတာအိုမြို့နယ် အင်နဒူကျေးရွာမှာ ဧပြီလ ၁၇ ရက် မနေ့က မိသားစုတစ်စု မှိုဟင်းချက်စားရာကနေအသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးနဲ့အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး အစာအဆိပ်သင့်ခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ သေဆုံးသူမိသားစုနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“နွားချီးမှာပေါက်တာတဲ့ မှိုကိုချက်စားမိတာတဲ့ အဲ့အိမ်မှာသုံးယောက်ပဲ ရှိတာ တစ်ယောက်ကမစားလိုက်ဘူးတဲ့ နှစ်ယောက်ကစားလိုက်မိတာ အသက်ကြီးတဲ့အဖွားကဆုံးသွားတယ််။ ကလေးကတော့ ဆေးရုံကိုအချိန်မှီရောက်လို့ သက်သာသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးဟာ အသက် ၆၀ ကျော်အရွယ် ဒေါ်အားချာလို့ သိရပါတယ်။
ဒေသခံတွေပြောတာက ဒေါ်အားချတို့မိသားစုချက်စားတဲ့မှိုဟာ ဒေသခံတွေပုံမှန်စားနေကြမှိုဖြစ်ပေမယ့် ပုံမှန်မဟုတ်တဲ့ ရာသီမှာပေါက်တဲ့မှိုဖြစ်တာကြောင့်ရယ် နောက်တစ်ခုက နွားချီးမှာပေါက်တာတဲ့ မှိုဖြစ်တာကြောင့် အဆိပ်သင့်တာဖြစ်နိုင််သလို ဓါတ်မတည့်တစ်ခုခုနဲ့တွဲစားမိလည်း ဖြစ်နိုင်ယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“သူတို့စားတဲ့မှိုကခါတိုင်းကျွန်တော်တို့စားနေကြမှိုပဲဒါပေမယ့် အခုက ပုံမှန်မိုးရွာတဲ့အချိန်မဟုတ်တော့ဒီချိန်ပေါက်တဲ့မှိုကသတိထားရမယ်။ နောက်သူတို့က နွားချီးမှာပေါက်တဲ့မှိုကိုချက်စားမိတာမှားတယ်ထင်တယ်။အမှန်ဆိုနွားချီးတို့ဆင်ချီးတို့မှာပေါက်တဲ့မှိုကမစားတာကောင်းတယ်”လို့သူကပြောပါတယ်။
ပူတာအိုဒေသမှာ ယခင်နှစ်တွေကလည်း မှိုဟင်းချက်စားရာကနေ အဆိပ်သင့်ပြီးလူသေဆုံးမှုမကြာခနရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ ထဲမှာလည်း ပူတာအိုမြို့နယ် ဆာခွန်ဒမ်းကျေးရွာမှာ မိသားစုတစ်စု မှိုဟင်းချက်စားရာကနေ ကလေးငယ်နှစ်ဦးအဆိပ်သင့်ပြီးသေဆုံးခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်းပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ထဲမှာအမျိုးသားတစ်ဦးမှိုစားမိရာအဆိပ်သင့်ပြီးသေဆုံးခဲ့ပါတယ်။
By – Zaw Zaw
The post ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး appeared first on Kachin News Group (KNG).