လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
တစ်လဝန်းကျင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်–တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးလိုက်ပြီးအရပ်သား ၁၀ ဦးထက်မနည်းလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့ လဝါးကျေးရွာအနီး လေကြောင်း ဗုံးကြဲတိုက်ခိုက်တာအပြင် ရွာထဲရှိ နံနက်စျေးအပါ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးလိုက်ပြီလို့ လဝါးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“လဝါးစစ်ရေးအခြေအနေက ရွာမီးရှို့တယ်၊ လေယာဉ်နဲ့ ခဏခဏ လာပစ်တယ်ဆိုကတည်းက တော်တော်ဆိုးရွာတယ်လို့ပြောလို့ရပါတယ်။ အခုဆို အရပ်သားသေဆုံးတဲ့အထိ ဖြစ်လာရတယ်။ ဘာလို့ သလောက်ထိ ဖြစ်လာရသလဲဆိုတာကို ကျနော်တို့ ဒေသခံ တွေကလည်း အဖြေရှာရခက် နားလည်ရခက်ပါတယ်။ လဝါးမှာက စစ်တပ်အခြေစိုက်ထားတာလည်းမရှိဘူး။ အခုက နေရာလုတိုက်ပွဲဖြစ်နေတာဟုတ်တယ်။ စစ်ရေးအောင်မြင်မှုဆိုတာကလည်း ဘာကိုပြောရမှန်းလည်းမသိ။ ဒါပေမယ့် ဒီအခြေအနေဆို ဒီထက်ပိုပြီး တိုက်ပွဲကာလက ပိုကြာလာနိုင်တယ်”လို့ပြောပါတယ်။
လဝါးကျေးရွာထဲမှာ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့အထိ မီးလောင်နေဆဲလို့ သိရပြီး အရပ်သား ၁၅ ဦးထက်မနည်းလည်း ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က ဧပြီလ ၁၅ ရက်နေ့ လဝါးကျေးရွာအနီးပတ်လည် KIA တပ်တွေရှိနိုင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ လဝါးကျေးရွာထဲက စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်မောင်းထုတ်ခဲ့ပြီး KIA က ပြန်လည်နေရာယူထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဧပြီလ ၁၅ ရက်နေ့ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် KIA တပ်တွေ ရွာထဲကနေ တပ်ဆုတ်လိုက်ရပြီးနောက် ခုလို နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
“နှစ်ဖက်တပ်စလုံးက နေရာလုနေတဲ့ သဘောနဲ့ ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။ တစ်ဖက်တပ်ဝင်လာရင် တစ်ဖက်တပ်က လာမောင်းထုတ်လိုက်နဲ့။ မနေ့ကတော့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ရွာထဲကို ပြန်ဝင်လာပြီးတော့ KIA ဘက်ကလည်း လာပစ်တယ်။ ထိခိုက်မှုရှိတော့ လေယာဉ်နဲ့ နှစ်ကြိမ်၊ သုံးလောက်အထိ ဗုံးကြဲသွားတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အသက် ၄၀ နှစ်ဝန်းကျင်အရွယ်ရှိသူ စိတ်ကျန်းမာရေးမကောင်းတဲ့ အင်လာနော်(Nla Naw) ကိုလည်း ပစ်သတ်လိုက်တယ်လို့လည်း ဆက်သိရပါတယ်။
လဝါးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ လဆန်း ၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တစ်ကြိမ် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာင်သင်ကျောင်းဆောင်တစ်ချို့ ထိခိုက်ပျက်စီးသွားပြီး နွား ၉ ကောင်ထက်မနည်း သေဆုံးမှုရှိခဲ့ပါတယ်။
ဖားကန့် နဲ့ တနိုင်းသွား လီဒိုလမ်း ကားလမ်းမကြီး နှစ်ခုကြားမှာတည်ရှိနေတဲ့ လဝါးတိုက်ပွဲအခြေအနေဟာ နှစ်ဖက်စစ်တပ်နေရာလု ထိန်းချုပ်ဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တာကြောင့် တိုက်ပွဲကာလ ကြာမြင့်လာနိုင်တယ်လို့ လဝါးဒေသခံ တွေသုံးသပ်နေကြပါတယ်။
လဝါးကျေးရွာဟာ ဖားကန့် နဲ့ တနိုင်းရွှေမှော်ဒေသတွေကိုသွားတဲ့ ကာလမ်းမကြီး လမ်းဆုံနေရာတစ်ခုဖြစ်တာကြောင့် စီးပွားရေး၊ စစ်ရေးတွေအတွက် အလွန်အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်ပါတယ်။
တိုက်ပွဲမဖြစ်ခင် မိုးကောင်းနဲ့ နမ္မတီးမြို့ကနေ လဝါးကျေးရွာအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂) ၊ တပ်ရင်း (၁၁)၊ တပ်ရင်း(၂၀)၊ တပ်ရင်း(၃၄) တပ်ပေါင်းစုတွေရဲ့ အဓိက လှုပ်ရှားနယ်မြေတွေဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်နောက်ပိုင်း အဲဒီ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ရန်အတွက် မင်းဇေသန့် ဝါရာဇွပ်ပြည်သူ့စစ်၊ ရှဒူးဇွပ် နဲ့ ဒွမ်ဘန် တပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၉၇၊ ၂၉၇ စုပေါင်းတပ်တွေက စစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။
တိုက်ပွဲကာလ တစ်လခန့်ကြာမြင့်လာတဲ့အတွင်း လဝါးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝါးဒေသခံတွေပြောပါတယ်။
တိုက်ပွဲကြောင့် လဝါးကျေးရွာအပါ အုပ်စုထဲမှာပါတဲ့ ခွန်စိုင်ယန်၊ မဂေါင့်တောင် ကျေးရွာ ၃ ခုက ဒေသခံ တစ်ထောင်ကျော် မိုးကောင်း၊ နမ္မတီးမြို့ပေါ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ စစ်ရှောင်ကာလကြာမြင့်လာတဲ့အတွက် စစ်ရှောင်အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။
လဝါးစစ်ရှောင်ပြည်သူတွေက တိုက်ပွဲအမြန်ဆုံးရပ်တန့်ပေးပြီး နေရပ်ပြန်လာနေထိုင်ဖို့ မျှော်လင့်နေကြကြောင်းလည်း နှစ်ဖက်စစ်တပ်ကို တောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူပေါင်းတပ်တွေက လဝါးကျေးရွာတဝိုက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး KIA ဂိတ်စခန်းတစ်ချို့ကို တိုက်ခိုက်ခဲ့တာကြောင့် ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)
The post လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ appeared first on Kachin News Group (KNG).