ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံးရေရှားပါးတဲ့ပြဿနာ ကြုံနေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။
အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။
“ခုဘာဖြစ်နေလဲဆိုတော့ ရေတွင်းကရေခမ်းလာပြီ ရှိတဲ့ရေတွင်းကလည်း ခွဲတမ်းစနစ်နဲ့မျှသုံးနေရတာ။ သောက်ရေတွေလည်း အရမ်းခက်တယ်“လို့ နောင်ချိန်းကျေးရွာမှာ စစ်ရှောင်နေတဲ့ အောင်မြေ (၁) ရွာစစ် ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာနေရာတစ်ခုတည်းမှာ အတူနေရတာဖြစ်တဲ့အတွက် ရေတွင်း၊ရေဘုံဘိုင်ထဲ ရှိတဲ့ရေတွေကို စစ်ရှောင်စခန်းကလူတွေအားလုံးမျှသုံးနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ခုလိုနွေရာသီရောက်လာချိန် တွင်းရေခမ်းမှုကြုံတွေ့နေရသလို ရှိနေတဲ့လူဦးရေနဲ့ ရေတွင်း၊ ရေဘုံဘိုင် လုံလောက်မှုမရှိတဲ့ ပြဿနာတွေကြုံတွေ့နေရတယ်လို့ အောင်မြေ၂ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“အဝီစိတွင်းတော့မဟုတ်ဘူး ပေ ၇၀ ၊၆၀ လောက်တော့နက်တယ်။ ဒါပေမယ့်လည်း ရေကစုပ်လို့ မရဘူးဖြစ်သွားတာ မိသားစုသုံးတော့ အဆင်ပြေပေမယ့် အိမ်ခြေတစ်ရာ နှစ်ရာလောက်ရှိတဲ့သူတွေအတွက်က ခက်တာပေါ့”လို့ ဆိုပါတယ်။
လက်ရှိစစ်ရှောင်စခန်းက ပြည်သူတွေအနေနဲ့ ရေမလုံလောက်တဲ့အခါမှာ အနီးနားကျေးရွာတွေကနေပြီးတော့ သုံးဘီးကားနဲ့ ရေသယ်ပြီး ချက်ပြုတ်ဖို့နဲ့ သောက်ဖို့အတွက်ကိုသာ တစ်အိမ်တစ်ပုံးဆီ ဝေစုခွဲပြီး အသုံးပြုနေကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်းအိမ်ခြေများတဲ့အတွက် နေ့တိုင်းလိုလို သုံးဘီးနဲ့ရေသယ်ဖို့ရာ ဆီဖိုးအကုန်အကျများလာတဲ့ အတွက် ရေတွေသိုလောင်ထားနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ တွဲလက်မေတ္တာစစ်ရှောင်စခန်းက တာဝန်ခံတစ်ဦးက ခုလိုပြောပါတယ်။
“အခုလောလောဆယ်က ရေနဲ့ပက်သက်ပြီး အရမ်းခက်ခဲနေတယ် ရေတွေသိုလှောင်ထားနိုင်ဖို့ ရေတိုင်ဂီက အရေးပေါ်လိုနေတယ်။ အဲတာတွေ ရလို ရှိရင်တော့ အနည်းငယ် အဆင်ပြေမယ်ထင်တယ်”လို့ ဆိုပါတယ်။
သုံးဘီးနဲ့သယ်ယူထားတဲ့ရေတွေကို အစားအသောက်ချက်ပြုတ်ဖို့နဲ့ သောက်ရေအတွက်သာ အသုံးပြုပြီးတော့ အဝတ်လျှော် ရေချိုးတာတွေကိုတော့ စစ်ရှောင်စခန်းနဲ့ ၁၅ မိနစ်လောက်ဝေးတဲ့ ဧရာဝတီမြစ်က ရေကိုဘဲ အသုံးပြုကြတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေကမ်းဘေးမှာ ကျေးရွာက ပြည်သူတွေဟာ ယခင်က ဧရာဝတီမြစ်ရေကို သောက်ရေ သုံးရေအဖြစ် အသုံးပြုကြပေယ့် လက်ရှိအချိန်မှာတော့ ရွှေအလွန်အကျွံ တူးဖော်မှုတွေကြောင့် ရေအဆိပ်သင့်ပြီး ငါးတွေသေဆုံးတဲ့တာတွေအပြင် ဧရာဝတီမြစ်ရေ အသုံးပြုမှုကြောင့် စစ်ရှောင်စခန်းတွေမှာလည်း ကလေးကအစ လူကြီးအဆုံး ပွေးဝဲယားနာဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ငွေကြေးတက်နိုင်တဲ့သူတွေကနေပြီးတော့ စုပေါင်းပြီး တွင်းနဲ့ ဘုံဘိုင်တူးဖော်တာတွေထက် အဝီစိတွင်းရေတွေကို တူးဖော်ပေးနိုင်ပါက ကျန်းမာရေးအတွက် ပိုပြီး အဆင်ပြေလိမ့်မယ့်လို့ ကချင်နယ်လှည့် ကျန်းမာရေး လုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ရဲ့ ဝာာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။
ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူဟာ များသောအားဖြင့်က အောင်မြေ၁၊ အောင်မြေ၂၊ ရွှေညောင်ပင်၊ နောင်ဟီး၊ဝူယန်နဲ့ ခကွမ်ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပြီး လက်ရှိမှာတော့ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ် တစ်လျှောက် နောင်ချိန်း၊ လဘန်(Laban)၊ဂွေထုနဲ့ အင်ဂန်း တစ်လျှောက် မှာတိမ်းရှောင်နေကြတာ ဘဲဖြစ်ပါတယ်။
By – Hope
The post ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံးရေရှားပါးတဲ့ပြဿနာ ကြုံနေရ appeared first on Kachin News Group (KNG).