သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား
၁၇ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း
၁၆ ဧပြီ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်
၁၅ ဧပြီ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး
၁၄ ဧပြီ ၂၀၂၅လွန်ခဲ့သော ၅ ရက် က သတင်း
ငလျင်အကြောင်းပြု၍ အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံမည်
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
ချောင်းဦးတွင် ငါးယှန်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဝါဒဖြန့်သူများက PDF များဟု စွပ်စွဲ၍ သတင်းအမှားဖြန့်
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
မန္တလေးတိုင်း သာစည်မြို့အနီး ဗဟိုပြု ၅ ဒဿမ ၅ ဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်၊
၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း
မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ
သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့် via Myan.News

မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ

၁၁ ဧပြီ ၂၀၂၅လွန်ခဲ့သော ၈ ရက် က သတင်း

မတ်လ (၂၈) ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၃၀၀) ကျော်အထိ ရှိလာကြောင်း DVB မှ ဧပြီလ (၉) ရက်နေ့အထိ ပြုစုထားသည့် စာရင်းများအရ သိရသည်။

ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့များစွာ သွားရောက်ကူညီ လှူဒါန်းလျက်ရှိရာ ၎င်းတို့အထဲတွင် သျှမ်းပြည်မှ ပရဟိတ လူမှုကူညီရေးအသင်းများလည်း ပါဝင်ကူညီ လှုပ်ဆောင်နေသည့် အခြေအနေကို လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ငလျင်ဒဏ် အကြီးအကျယ် ခံစားခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းဘက်ကို သျှမ်းပြည်ကနေ သွားကူဖြစ်တဲ့အကြောင်း မေးမြန်းချင်ပါတယ်။ လက်ရှိ ငလျင်ဒဏ်သင့် ဒေသတွေမှာ သျှမ်းပြည်က ဘယ်အဖွဲ့တွေ ဝိုင်းကူနေလဲ။

ဖြေ ။ ။ သျှမ်းပြည်ကတော့ NMBG ဆိုတာ နမ့်ခမ်း အခြေစိုက် ပရဟိတ လူမှုကူညီရေးအသင်း၊ သူတို့ကတော့ အင်အားတောင့်တယ်။ ပြီးတော့ မူဆယ်က H.M.S “ႁႅင်းမိူင်းသႂ်” ပရဟိတ လူမှုကူညီရေးအသင်း၊ သျှမ်းပြည်က သူတို့နှစ်သင်း ဆင်းလာတယ်။ ကျနော်တို့ကတော့ မန္တလေးရောက် သျှမ်းလူငယ်အနေနဲ့ သူတို့ကို ပြန်ပြီးတော့ အားဖြည့်ပေးတာပေါ့။

ကျနော်တို့ မန္တလေး စုရပ်ကနေမှ အတူတူ လိုက်ကူပေးတာက တန့်ယန်းလူငယ်များအဖွဲ့နဲ့ ပန်ဆန်းလူငယ်များအဖွဲ့ ဆိုပြီး အမျိုးသမီးတွေ အဖွဲ့လိုက် အလှူပစ္စည်းနဲ့ ငွေအားလည်း တော်တော်များများ ပါဝင်ပေးတယ်။

မေး ။ ။ ငလျင်ဘေး ကူညီရေးမှာ ကိုယ်တိုင်ကြုံခဲ့ရ မြင်ခဲ့ရတဲ့ လက်ရှိ ပြည်သူတွေရဲ့ အခြေအနေကို ပြောပြပေးပါ။

ဖြေ ။ ။ တော်တော်များများကတော့ ကျနော်တို့လည်း ဒေတာ မရှိဘူး။ ပျက်စီးမှုအပိုင်းနဲ့ ပတ်သက်ရင်တော့။ ကျနော်တို့ သွားကူတာကတော့ လက်လှမ်းမီ နိုင်သလောက်တော့ တစ်ရက်တစ်ရက် ကိုယ်ရတဲ့ အချိန်လေး အကုန်လုံးမဟုတ်တောင် တော်တော်များများ ကူခဲ့ရပါတယ်။

စစ်ကိုင်း၊ တံတားဦးဘက်နဲ့ မန္တလေးမြို့လည်း လှည့်သွားနေတာ။ အချို့နေရာလည်း အကုန်လုံး အသင်းအဖွဲ့အနေနဲ့ သွားပြီးတော့ ပိုလိုအပ်နေတဲ့ အိမ်တွေ မိသားစုတွေ အသိုင်းအဝိုင်းတွေ အဲ့လိုမျိုး အကုန်လိုက်ကူတယ်။

ဒီမန္တလေးမှာကျတော့ နမ့်ခမ်း ပရဟိတအသင်းကနေ သူတို့ဆီကို ဆက်သွယ်လာပြီးတော့ အကူအညီ လှမ်းတောင်းတဲ့ နမ့်ခမ်းကနေ ရွှေ့ပြောင်းလာတဲ့ အိမ်ထောင်စုတွေ၊ တချို့ တအားအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေဆိုရင် အသင်းကို လှမ်းပြီး အကူအညီ တောင်းကြတာ ရှိတယ်။ မူဆယ် အသင်းလဲ ထိုနည်းပါပဲ၊ ဒေတာက အတိအကျသာ မသိရတာ။

မန္တလေးငလျင်ဘေးသင့်သူများ

နမ့်ခမ်းက ပြောင်းလာတယ် ဆိုတာကလည်း အိမ်ထောင်စုတိုင်းတော့ မဟုတ်ဘူး၊ ငွေရေးကြေးရေးပိုင်း အဆင်ပြေတဲ့ လူကတော့ အဲ့လို မဆက်သွယ်လာဘူး။ ဆိုလိုချင်တာက တချို့ ဒီမှာ အိမ်ငှားလာနေတယ်၊ သူတို့နေတဲ့အိမ်က မပြိုဘဲနဲ့ ဘေးအိမ်က တိုက်တွေကနေမှ ပြိုပြီး လာပိတယ် ဒီကြားကာလထဲမှာ သူတို့ အဆင်မပြေတာပေါ့။ ကျွဲဆည်ကန်ဘက်မှာဆိုရင် ကောင်မလေး တစ်ယောက်တည်း အိမ်ငှားလာနေတာ၊ သူတို့ငှားနေတဲ့ထဲမှာ မိသားစုက (၅) ခုလောက် ဖြစ်နေတယ်။ နောက်ပြီး ကျွဲဆည်ကန်မှာ နည်းနည်းချောင်ကျတော့ အလှူရှင်လည်း မရောက်တော့ လှမ်းအကြောင်းကြားလာတဲ့အချိန် အသင်းက ရောက်အောင် သွားပေးခဲ့တယ်။

မန္တလေးရောက်နေတဲ့ သျှမ်းပြည်ဘက်က စစ်ဘေးရှောင်တွေလည်း တော်တော်များများ ပါပါတယ်။ တချို့စစ်ဘေးရှောင်ကလည်း ကိုယ့်အမျိုးအိမ်မှာ ရှောင်နေတဲ့လူလည်း ရှိတယ်၊ တချို့လည်း ဘုန်းကြီးကျောင်းမှာဆိုတော့ ကိုယ်လက်လှမ်းမီရာ ကိုယ်သိတဲ့ဟာတွေ အကုန်သွားပေးပါတယ်။ နောက်ပြီး အပျက်အစီးများတဲ့ မန္တလေး အမရပူရဘက်က တရုတ်ဘုံကျောင်းလည်း သွားပေးတယ်။

တံတားဦးဘက်ဆိုရင် တစ်မြို့လုံးနီးနီး မြို့အနှံ့ ပတ်ခဲ့တာပဲ၊ မန္တလေး ဆေးရုံကြီး၊ ၆၂ လမ်းက အရိုးအထူးကုဆေးရုံကြီး၊ စစ်ကိုင်းဆေးရုံကြီးတို့ဆိုရင် အရေးပေါ်လူနာတွေ အားလုံးနီးပါးကို တစ်ယောက် ၃ သောင်း၊ ၅ သောင်း အဲ့လိုမျိုး လူနာတိုင်းကို ကူခဲ့ရတာ။

မေး ။ ။ ထောက်ပံ့ကူညီရေးနဲ့ ကယ်ဆယ်ရေးတွေ လုပ်တဲ့အချိန်မှာ ကြုံရတဲ့ စိန်ခေါ်မှု အခက်အခဲ၊ အတားအဆီးက ဘာတွေရှိမလဲ။

ဖြေ ။ ။ ကျနော်တို့က လူအင်အားကလည်း များတယ်။ ပြီးတော့ လူငယ်၊ လူလတ်ပိုင်းတွေ ဆိုတော့ တခါတလေ ညနေစောင်းတာနဲ့ ပင်ပန်းတာကလွဲလို့ တခြားစိန်ခေါ်မှုတော့ မရှိဘူး။ ကျနော်တို့ သျှမ်းပြည်က ဆင်းလာတဲ့ အဖွဲ့သားတွေကော အကုန်လုံးက အားကြိုးမာန်တက် နောက်ကနေ ဝိုင်းကူတယ်။ မန္တလေးက လူတွေလည်း ရှေ့ကနေ ထွက်ရမယ့် ခရီးစဉ်တွေ ကူရမယ့်ပစ္စည်းတွေ တခါတည်း အစီအစဉ်ဆွဲပြီး သွားတာ။

ကားတစ်စီးဆိုရင် ခြင်ထောင်တွေပဲ ထည့်တာ၊ ဖျာ ဆို ဖျာ၊ မိုးကာ ဆို မိုးကာ ကားအစီးလိုက် သယ်သွားတယ်။ နောက်ပြီး မုန့်၊ ခေါက်ဆွဲ၊ လှူရမယ့် အလှူငွေတွေလည်း အသင်းအဖွဲ့ထဲ တစ်ယောက်က တာဝန်ယူ၊ ကိုယ့်တာဝန်နဲ့ကိုယ် အသီးသီး ခွဲပြီးမှ သွားကြတာ။

အခက်အခဲကတော့ ရေဘေးကူတုန်း လိုမျိုး ကြုံရတယ်။ ကျူးကျော်ရပ်ကွက်တွေ အိမ်ထိခိုက်မှု မရှိတဲ့သူလည်း ထမင်းဘူး လာတန်းစီတာ၊ သွားလှူ သွားကူတဲ့ ပစ္စည်းတွေ ငွေတွေလည်း ဝိုင်းပြီး လာအုံပြီး ယူတာရှိတယ်။

တချို့ မန္တလေး စိန်ပန်းရပ်ကွက်ဆိုရင်တော့ အိမ်ထောင်စုလိုက် မကူတော့ဘူး။ အဲ့မှာ ကားဖွင့်လိုက်တာနဲ့ ခြင်ထောင်တွေ၊ စောင်တွေ၊ ဖျာတွေ ကားနောက်ဖုံးတို့ ဘေးတံခါးတို့ ဖွင့်လိုက်တာနဲ့ ပေါ်လာရင် အကုန်ဝိုင်းအုံလာကြတာ။ အဲ့လိုမျိုးကျတော့ လူအားများလို့ ထိန်းပြီးမှ ကော်မတီမှာပဲ အိမ်ထောင်စု (၄၀၀) ဆို စောင်တွေ၊ ဖျာတွေ၊ ကိုယ်တတ်နိုင်တာလေးတွေ ပုံပြီးတော့ ကျန်တဲ့အိမ်ထောင်စုကိုတော့ ငွေနဲ့ ကူခဲ့တာ။

မေး ။ ။ ငလျင်ဘေး သွားကူတဲ့အချိန်မှာ တကယ်အခက်အခဲ ကြုံနေရတဲ့ ပြည်သူတွေက ဘယ်လိုထောက်ပံ့ရေး ပစ္စည်းတွေ အရေးတကြီး လိုအပ်နေလဲ။

ဖြေ ။ ။ စဖြစ်တဲ့ ပထမရက်၊ ဒုတိယရက်တုန်းကတော့ သူတို့အစားအသောက်တွေ ခက်ခဲတယ်၊ ရာသီဥတုကလည်း ပူတော့လေ။ ဒါပေမယ့် တစ်ပတ်လောက်လည်းနေရော မိုးကလည်း ရွာလာတယ်၊ မိုးအုံ့လာတယ် အဲ့လိုပုံစံဆိုတော့ မိုးကာတို့၊ ဖျာတို့၊ ခြင်ထောင်တို့ လောလောဆယ် အဲ့လိုမျိုး ပိုလိုတယ်။ အစားအသောက်ကတော့ နေ့တိုင်းလိုလို အလှူရှင်တွေ ရောက်ကြပါတယ်။ ကျနော်ထင်ပါတယ် ထမင်းဗူးတို့ ရေတို့ တချို့ရပ်ကွက်တွေ ဆိုရင်တော့ လိုအပ်တာထက်ကို ပိုသွားတာပေါ့။

ထမင်းဟင်းနဲ့ ပတ်သက်ပြီး နှစ်ရက်ပဲ သျှမ်းထမင်း၊ ဟင်းတွေ ဘူးထဲထည့်ပြီး လိုက်လှူတာရှိတယ်။ ကျန်တဲ့ ရက်တွေမှာတော့ ပြန်လည်ထူထောင်ရေး အတွက်ပဲ သွားတော့မယ်ဆိုပြီးမှ အဓိက မိုးကာ၊ ဖျာ၊ ခြင်ထောင် တွေ ဦးစားပေးပြီး သွားတာပေါ့။ အစားအသောက်ဆိုရင် မပုပ်မသိုးတဲ့ ခေါက်ဆွဲခြောက် အချိုရည်တို့ ပါတယ်။

မေး ။ ။ အခု သွားရောက်ကူညီခဲ့တဲ့ မြို့တွေ ဒေသတွေမှာ ဘယ်လောက် အတိုင်းအတာထိ လက်လှမ်းမီ ကူညီထောက်ပံ့ပေးနိုင်ခဲ့လဲ။

ဖြေ ။ ။ တံတားဦးဆိုရင် ကျနော်တို့သွားခဲ့တာ ကျန်တာတောင် လုံးဝ မရှိဘူး။ ကိုယ်သိသလောက်တော့ တစ်မြို့လုံးလိုလိုပေါ့၊ အိမ်တိုင်းကိုတော့ မဆိုလိုဘူးပေါ့လေ။ အိမ်ပြိုသွားတဲ့ဟာ၊ တအားကြီး ပျက်စီးသွားတဲ့ဟာ‌ဆိုရင် လမ်းဘေးမှာ ခေါ ပြီးမှ မလှူဘဲနဲ့ ကျနော်တို့က အိမ်ရှေ့အထိ ကားတန်းနဲ့ လူအားနဲ့ အိမ်ရှင်ဆီ တခါတည်း လှူခဲ့တာ။ ဘာမှ မဖြစ်တဲ့ အိမ်ကျတော့ ကြုံရင်ကြုံသလို ရေသန့်တို့ အဲ့လိုမျိုးတော့ လှူခဲ့တယ်၊ ဖြစ်တဲ့အိမ်ကျတော့ မိုးကာတို့၊ ဖျာတို့ကို အိမ်ရှင်ဆီ တခါတည်း လှူခဲ့တာ။

မန္တလေး၊စစ်ကိုင်းကို သွားရောက်လှူဒါန်းခဲ့သည့် သျှမ်းမြောက်ပရဟိတများ

တံတားဦးမှာကျတော့ အိမ်ရှေ့မှာ တစ်ယောက် နှစ်ယောက် အဲ့လိုမျိုး ထွက်စောင့်နေပြီးသား။ ရပ်ကွက်အလိုက် ဝင်ထွက်ပြီး သွားလှူတာ။ စစ်ကိုင်းကတော့ လှူရတာ သိပ်ပြီးတော့ အဆင်မပြေဘူး၊ အဲ့ဒီက ရပ်ကွက်လူကြီးတွေမှာ ဒေတာ အတိအကျ မရှိတာတို့ ဖြစ်တယ်။ စစ်ကိုင်းမှာတော့ နှစ်ပုံတစ်ပုံလောက် ကူဖြစ်ခဲ့တယ်။

မန္တလေးကတော့ ကွန်ဒိုတို့ လူအများကြီး ပျောက်ဆုံးနေတဲ့ တိုက်တို့ဆိုရင် အရေးပေါ်ဆိုပြီး လမ်းပိတ်ထားတာ ရှိတယ်။ စစ်ကိုင်းဘက် လူအသေအပျောက်များတဲ့ တချို့ရပ်ကွက်ဆိုရင် အနံ့အသက်တော့ ရှိတယ်။ ဘုရားကြီး အရှေ့မြောက်ဘက် အဲ့ဘက်ထောင့်တွေမှာတော့ စဖြစ်ပြီး နှစ်ရက် သုံးရက်ကတည်းက ခုထက်ထိကို အနံ့အသက်တွေ ကျန်သေးတယ်။ အလောင်းတွေ ထုတ်တဲ့အပိုင်းကျတော့လည်း ကျနော်တို့က အဲ့ဘက်မရောက်ဘူးဆိုတော့ အဓိက အစားအသောက် လှူတာ၊ ငွေသားတို့ ထောက်ပံ့ရေးအပိုင်းပဲ သွားရသေးတယ်၊ ကျန်တဲ့ အခြားကိစ္စတွေတော့ သိပ်မသိရဘူး။

မေး ။ ။ နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့တွေ၊ တခြား ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလဲ။

ဖြေ ။ ။ ပြည်တွင်းအဖွဲ့အစည်းတွေထဲမှာဆိုရင် ကိုဝေဠုကျော်တို့ အဖွဲ့နဲ့ တံတားဦးဘက် အတူသွားဖြစ်တယ်။ သူကလည်း လာတာဆိုတော့ သူ့အသင်းအဖွဲ့ ကားတစ်စီးနဲ့ အတူသွားကြတာ။

နိုင်ငံခြားအဖွဲ့ဆိုရင်တော့ မူဆယ်ဘက်က ဝင်လာတဲ့ တရုတ်က ကယ်ဆယ်ရေးအဖွဲ့ကိုတော့ Shan State Off-Road အဖွဲ့က နယ်ဘက်အထိ သွားကြိုရတာ၊ အဓိက ဒီမန္တလေးက နယ်ခံတွေဆိုတော့ သူတို့အတွက် အဆင်ပြေအောင် ကူညီပေးတာ ရှိတယ်။ သူတို့အတွက် သွားရေးလာရေးပေါ့၊ တရုတ်နယ်စပ် သျှမ်းပြည်ကနေ မန္တလေးတိုင်းအထိ ကျနော်တို့ သွားခေါ်ပေးခဲ့ရတယ်။ နယ်စပ်မှာ သွားကြိုတုန်းက ညအချိန်တောင် ရှိပြီ၊ လမ်းမှာလာတော့ ကားတစ်စီးမှ မရှိတော့ဘူး။

နယ်စပ်က ဂိတ်မှာတော့ တော်တော်ပြောယူရတယ်၊ အရေးပေါ် ချက်ချင်းလာရတာ ဆိုတော့ သူတို့က အရေးပေါ် ကယ်ဆယ်ရေးဆိုတော့ အမြန်ဆင်းလာတော့ တချို့တပ်က သူတို့ဆီ သတင်းမရောက်သေးတာ ရှိတယ်။ အဲ့လိုမျိုးကျတော့ နားလည်အောင်လည်း တော်တော်ပြောယူရတယ်။ မန္တလေးအဝင်မှာတော့ သူတို့က သံရုံးနဲ့ ချိတ်ပြီး အလုပ်လုပ်တာဆိုတော့ ရှေ့မှာ နယ်မြေခံရဲတွေ ပွိုင့်ကားတစ်စီးလည်း လာကြိုပေးပါတယ်။

မေး ။ ။ ငလျင်လှုပ်ခတ်ခဲ့တာဆိုရင် အချိန်နှစ်ပတ် ရှိလာပြီ၊ ငလျင်နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး သွားလှူခဲ့တဲ့ ဒေသတွေမှာ ဘယ်လိုကူးစက်ရောဂါတွေ ဖြစ်ပွားနေလဲ၊ ဆေးကုသမှု အခြေအနေကော ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဲ့အပိုင်းနဲ့ ပတ်သက်ရင် ဆေးရုံကြီးမှာလည်း အလှူရှင် အများကြီး ရှိပါတယ်။ ကျနော်ထင်ပါတယ် ဆေးရုံကြီးကိုတော့ သွားကြမှာ။ အဓိက စစ်ကိုင်းမြို့လို၊ တံတားဦးမြို့လိုကတော့ သူတို့အဓိက အားထားတာက ပြည်သူ့ဆေးရုံကြီးပဲလေနော်။ ရေတွေ၊ အစားအသောက်တွေနဲ့ ကျနော်တို့ ပါတဲ့ဟာတွေ ဆေးရုံကြီးမှာလည်း လှူဖြစ်ပါတယ်။

ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး မမြင်မတွေ့ခဲ့ရဘူး။ သတင်းထဲမှာတော့ အဓိက စိုးရိမ်ရတဲ့ အနေအထားမှာလို့ ပြောတာပါ။ တံတားဦးနဲ့ စစ်ကိုင်းဆိုရင်လည်း ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်တွေလည်း နေ့တိုင်းရောက်နေတာပဲ။

ဆေးဝါးနဲ့ ပတ်သက်လာရင် ကျနော်တို့က ဖြစ်တဲ့အိမ်တွေကိုတော့ သီးသန့် သွားမလှူတော့ဘူး၊ တံတားဦး ဆိုရင်လည်း ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်နဲ့ တခါတည်း လှူခဲ့လိုက်တာ၊ ငလျင်ဒဏ်သင့်တဲ့ ပြည်သူ အယောက်တိုင်းကို ငွေသားနဲ့ ကူခဲ့တာ ရှိတယ်။ ဆေးဝါးနဲ့ ပတ်သက်ရင်တော့ စစ်ကိုင်းမှာလည်း အဲ့တိုင်းပဲ လှူခဲ့တာ။ မိုးရွာရင်တော့ ကူးစက်ရောဂါတွေ စိုးရိမ်ရတယ်၊ အလောင်းမထုတ်ရသေးတဲ့ တချို့တိုက်တွေဆိုရင်လည်း အနံ့အသက် ကောင်းလာမှာ မဟုတ်ဘူး။

မေး ။ ။ မန္တလေးဘက်ကို စစ်ရှောင်သွားကြပြီး ငလျင်ဒဏ် ထပ်ခံရတဲ့ သျှမ်းပြည်က စစ်ဘေးရှောင်တွေ အခက်အခဲတွေက ဘာတွေရှိမလဲ။

ဖြေ ။ ။ အဆင်မပြေတဲ့ မိသားစု တော်တော်များများကတော့ ဘုန်းကြီးကျောင်းမှာပဲ စုနေကြတယ်။ တချို့ကလည်း စစ်ဘေးရှောင်လာရင်းနဲ့ ငလျင်ဘေး ထပ်ကြုံတော့ ကိုယ့်ခင်မင်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေမှာ သွားနေ၊ တိုက်တွေကလည်း တော်တော်များများ အက်ကွဲကြောင်းတွေ ဖြစ်သွားလို့ မနေရဲကြဘူး။ အပျက်အစီး မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပြီး သွားနေကြတယ်၊ တချို့ဘုန်းကြီးကျောင်းမှာ လူဦးရေ ရာဂဏန်း ရှိတယ်။

မန္တလေးတောင်ခြေဘက်က စိတ္တသုခ သျှမ်းကျောင်းမှာလည်း ၁၀၀ ကျော်ရှိတယ်၊ တချို့ကလည်း စစ်ဘေးရှောင်လာရင်း ငလျင်ဘေး ထပ်တွေ့တော့ အိမ်မှာ မနေရဲတော့ဘူး။ အိမ်မှာ နေရင် အန္တရာယ်ရှိမှာစိုးလို့ ဘုန်းကြီးကျောင်းမှာ စုနေကြတာ။

မေး ။ ။ ငလျင်ဒဏ်ကူညီရေးနဲ့ ပတ်သက်ပြီး မမေးမိတာ၊ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ကျနော်တို့က နမ့်ခမ်း၊ မူဆယ်၊ တန့်ယန်း၊ ပန်ဆန်း ဒီဘက်က လူငယ်တွေပေါ့လေ။ မန္တလေး၊ စစ်ကိုင်း၊ တံတားဦးဘက် ကူလာတာဆိုရင် တစ်ပတ်ကျော် ရှိပြီ၊ ပလိပ်ဘက်လည်း ရောက်ခဲ့သေးတယ်။ အကုန်လုံးက ချစ်ချစ်ခင်ခင် အားတက်သရော ကူကြတာပဲ၊ ပင်လည်း ပင်ပန်းတယ် ပျော်လည်း ပျော်ရတာပေါ့ အများကို ကူရတာဆိုတော့။

သွားကူတဲ့ နေရာတိုင်းကလည်း လူတွေက ဝမ်းသာတာပေါ့လေ၊ တံတားဦးမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် သွားလှူတော့ အမေကြီးတွေ ဦးလေးကြီးတွေက ပြောကြတယ်။ သျှမ်းပြည်မှာ ဒီလောက် စစ်ဖြစ်နေတာ ငါတို့တောင် တစ်ခါမှ မရောက်ခဲ့ဖူးဘူး၊ ဘယ်သူမှလည်း တကူးတက သွားမကူကြဘူးတဲ့။ ကိုယ့်အလှည့်ဖြစ်တော့ ခဲရာခဲဆစ် အခြေအနေ လုံးဝ မဟန်တဲ့ နယ်မြေကနေ ဒီအထိ တကူးတက လာကူပေးကြတယ်ဆိုပြီး တချို့အိမ်တွေဆို ဝမ်းသာလွန်းလို့ ငိုကြတယ် မျက်ရည်ကျတာတွေ ရှိတယ်။

ကျနော်တို့ အစီအစဉ် စဆွဲကတည်းကလည်း တရုတ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေ၊ စစ်ကိုင်းမှာ ဆိုရင်လည်း မွတ်စလင်တွေနေတဲ့ အသိုင်းအဝိုင်းတွေ အစရှိသဖြင့်ပေါ့လေ သျှမ်းတို့၊ ဗမာတို့ အဲ့လိုမခွဲခြားပဲနဲ့ ပိုပြီးတော့ ခက်ခဲတဲ့၊ ပိုပြီးတော့ လိုအပ်တဲ့ တိုက်တွေပြိုတာ အိမ်တွေပြိုတာ အဓိက အဲ့လိုမျိုးတွေ ရွေးသွားတာ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တကယ်ခက်ခဲတဲ့လူတွေ တော်တော်များများကို ကူဖြစ်ခဲ့တယ်။

တချို့ကျတော့လည်း ပြောမှာပေါ့ သျှမ်းပြည်က ဆင်းလာတာ သျှမ်းအသိုင်းအဝိုင်းကိုပဲ ကူတာ အဲ့လိုမျိုးတော့ မဟုတ်ရဘူး။ ဘာလို့လဲဆိုတော့ မူဆယ်၊ နမ့်ခမ်း ဆိုတာကလည်း လူမျိုးပေါင်းစုံ နေထိုင်တာကိုး၊ ဒီမှာလည်း တူတူပဲဆိုတော့ ခက်ခဲတဲ့ နေရာတွေကို ရွေးပြီး အများပြည်သူက လှူထားတဲ့ ငွေနဲ့ပဲ အားလုံးအတွက် သွားလှူကြတာ သွားကူကြတာ။ မကြာခင်လည်း အင်းလေးဘက်ကို သွားလှူဖို့ ရှိပါသေးတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

The post မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ appeared first on သျှမ်းသံတော်ဆင့်.