တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ် တိုက်ခန်းတစ်ခုတွင် ငွေကျပ်သိန်း နှစ်ထောင်ရှစ်ရာ (၂၈၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဧပြီ ၈ရက် ညနေ ၆နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ်တိုက်ခန်းကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့များက သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ကျပ်သိန်း (၂၈၀၀)တန်ဖိုးရှိ စိတ်ကြွဆေးများကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးနှင့် အတူ အသက် ၃၂နှစ်အရွယ် ညီလောက်စီ နှင့် အသက် ၂၂နှစ်အရွယ် စည်သူဖြိုးတို့ကိုလည်း ဖမ်းဆီးရမိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
တာချီလိတ်မြို့သည် မြန်မာ-ထိုင်းနယ်စပ်ဖြစ်ပြီး ဒုစရိုက်သမားများ၊ မူးယစ်ဆေးရောင်းဝယ်မှုများ စစ်အာဏာသိမ်းပြီးနောက် ပိုများလာသည့်မြို့ဖြစ်ကြောင်း တာချီလိတ်ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ မူးယစ်ဆေးကတော့ အစုံပါပဲ။ အရင်ကလို စိတ်ကြွဆေး WY မျိုးတောင်မဟုတ်တော့ဘူး။ အခုခေတ်ထနေတာ Happy Waterတို့ K ဆိုတာမျိုးတွေပိုများလာတယ်။ ကလပ်သွားတဲ့ လူငယ်တွေအားလုံးနီးပါးသုံးနေကြတာ။” ဟု တာချီလိတ်တွင်နေထိုင်သည့် လူငယ်တစ်ဉီးက ဆိုသည်။
ထိုစိတ်ကြွဆေးများသည် နိုက်ကလပ်၊ KTV နှင့် ဘားများတွင် အလွယ်တကူဝယ်ယူနိုင်ကြောင်းလည်း တာချီလိတ်လူငယ်များ က ပြောသည်။
The post တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ appeared first on သျှမ်းသံတော်ဆင့်.