အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။
ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးကို အကြောင်းပြု၍ ကူညီကယ်ဆယ်ရေးအပြင် အပစ်အခတ် ရပ်စဲရေး ကိစ္စများကို တွန်းအားပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့ Roosewood Hotel တွင် စတင်တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
မလေးရှားဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနေသည့် ဟိုတယ်အနီးတဝိုက်ကို ထိုင်းအစိုးရမှ လုံခြုံရေး အထူးတင်းကြပ်ထားပြီး မီဒီယာများအား ဝင်ရောက်သတင်းယူခွင့် မပြုကြောင်းလည်း သိရသည်။
ယနေ့ညပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်လည်း စစ်ခေါင်းဆောင်နှင့်အတူ ညစာစားပွဲ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။
အခြားတစ်ဘက်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် စစ်ခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌမှ ငလျင်ဘေး အကြောင်းပြု၍ တွေ့ဆုံဆွေးနွေးပြီး တဘက်သက် ဆက်ဆံဆောင်ရွက်မှုများအပေါ် NUG နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များက အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း ယမန်နေ့ (ဧပြီလ ၁၆ ရက်)တွင် ထုတ်ပြန်ထားသည်။
The post အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား appeared first on သျှမ်းသံတော်ဆင့်.