တိုက်ပွဲကြောင့် ကော့ကရိတ်ဒေသခံ ၂၀၀ ကျော် ထိုင်းနယ်စပ်သို့ စစ်ရှောင်
ဧပြီ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကော့ကရိတ် ဒေသခံ ၂၀၀ ဦးကျော် ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်လမတ်မြို့၊ ဘန့်ကျူ့ရွာ ဘက်သို့ ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ဘေးရှောင် ရောက်ရှိလာသည်ဟု စစ်ဘေးရှောင်ကူညီနေသူ များက ပြောသည်။
ကျုံဒိုး-ကော့ကရိတ် မြို့နယ်အတွင်း ပြီးခဲ့သည့် သင်္ကြန်ကာလမှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာများဘက်သို့ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသားများ နီးစပ်ရာ ဒေသများသို့ စစ်ဘေးရှောင်ရပြီး လက်ရှိ ထိုင်းနယ်စပ်အထိ စစ်ရှောင်များရောက်ရှိနေခြင်း ဖြစ်သည်ဟု စစ်ဘေး ရှောင်ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။
“အခု မယ်လမတ် ဘက်ကို ကော့ကရိတ် စစ်ဘေးရှောင်တွေ ရောက်လာတာ ၂၀၀ ဦးကျော်သွားပြီး။ အဲ့က ဘုန်းကြီး ကျောင်းတစ်ခုမှာ ခိုလှုံဖို့ ထိုင်းဘက်ခြမ်းက စီစဉ်ပေးထားတာ တွေ့ရတယ်” ဟု စစ်ဘေးရှောင် ကူညီနေ သူတဦးက ပြောသည်။
ကျုံဒိုး-ကော့ကရိတ် မြို့နယ်အတွင်း ဧပြီ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ ထိ စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသတွင်းရှိ ကျေးရွာ ၄၀ ကျော်ခန့်မှ ဒေသခံ ၂၀,၀၀၀ ဦးခန့် ဖားအံ၊ မော်လမြိုင်နှင့် တိုက်ပွဲ မဖြစ်သေးသည့် ကျေးရွာများဘက်သို့ ပြန့်ကြဲ စစ်ရှောင်နေရသည်ဟု မြေပြင် စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။
“ကော့ကရိတ်တစ်နယ်လုံးမှာ ရွာ၄၀ လောက်ရှိမယ် စစ်ရှောင်နေတာ၊ လက်နက်ကြီးကျတာ လေယာဉ်ကြဲတာ ကရက်ဆက်ပြီး အခါတွင်းကတည်းကနေအခုထိ ချနေတာဆိုတော့မနေရဲကြတာ့ဘူး။ အခု သလွဲထော်ရွာကို ၂ ကြိမ် ကြဲတော့ထိုင်းဘက်အထိ့တက်ပြေးကြတယ်။ မယ်ရမတ် ဘက်ကိုရောက်နေတာ ၂၀၀ ရှိတယ်၊ ကျန်တာ တွေကမွန်ရွာ၊ ကရင်ရွာ၊ ပအိုဝ့်ရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေပါဆိုရင် ၂၀,၀၀၀ ဦးလောက် ရှိမယ်” ဟု ၎င်းက ပြောသည်။
ထိုအပြင် အချို့ စစ်ရှောင်များ အနေဖြင့် မော်လမြိုင်၊ ဖားအံ၊ မြဝတီ မြို့များသို့ စစ်ရှောင်ကြပြီး ငွေကြေးမတက် နိုင်သည့် စစ်ရှောင်များအနေဖြင့် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများတွင် စစ်ရှောင်နေရသည်ဟု ကျုံဒိုးမြို့ မြေပြင်စစ်ရှောင်ကူညီနေသူက ပြောသည်။
လတ်တလော ကော့ကရိတ်ဒေသ စစ်ဘေးရှောင်သူ အများဆုံး ခိုလှုံနေသည့် ဂျိုင်းကျေးရွာအုပ်စု မနီကုန်း၊ ရိုးမဟာနှင့် ရွှေဖြူ၊ သာမည၊ မွန်ကျောင်း၊ ခယား၊ သံလှယ်၊ အိန္ဒု ဒေသ ရှိဘုန်းကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် စာသင်ကျောင်းနေရာများ၌ ယာယီစစ်ဘေးရှောင်နေသူများ စားသာက်စရာ နေရာထိုင်ခင်း မျှဝေပေးရန် စစ်ဘေးရှောင်ကူညီသူများက စာရင်းကောက်ယူပြီး အကူအညီပေးနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။