ဘီလင်း မင်းစောရွာ ဘုန်းကြီးကျောင်းဆွမ်းစားချိန် စစ်ကောင်စီ ဗုံးကြဲ ၂ ဦး သေဆုံး
ဧပြီ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ် မင်းစောရွာ(ဃောဖိုးပလယ်ရွာ) ဘုန်းကြီး ကျောင်း ကို စစ်ကောင်စီက ယနေ့ ဧပြီ ၁၉ ရက်နေ့ ၁၁ နာရီကျော် ဆွမ်းစာချိန်တွင် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ကျောင်းဒကာမ ၂ ဦး သေဆုံးပြီး ကိုကြီးနှင့် ကိုရင်လေး ၂ ပါး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု တပ်မဟာ-၁ တပ်မဟာမှူးက အတည်ပြု ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်လေး တစ်ပါးနှင့် ကိုရင်ကြီး တစ်ပါးတို့သည် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး အခြား ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိကာ စာရင်းအသေးစိတ်ကိုမူ မသိရသေးကြောင်း တပ်မဟာမှူးက ယခုလို ပြောသည်။
“ဒီနေ့ ၁၁ နာရီ ၂၃ မိနစ်မှာ လာကြဲတာပါ။ ဘုန်းကြီးကျောင်းဝန်းထဲ ကျပြီး ဆွမ်းစာဆောင်ကို ထိတယ်။ သက်ကြီး အမျိုးသမီး ၂ ဦးသေဆုံးတယ်။ တစ်ဦးက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ ဒဏ်ရာပြင်းတဲ့ ကိုရင်လေးတွေကို ဆေးရုံပို့လိုက်တယ်။ လေကြောင်းရန် စိုးရိမ်ရတဲ့အတွက် မနေ့ကတည်းက သတိတော့ပေးထားတယ်။ တချို့ ရွာ သားတွေလည်း ကြိုရှောင်နေတာတွေ ရှိတယ်” ဟု တပ်မဟာ(၁)၊ တပ်မဟာမှူးက ကေအိုင်စီသို့ ပြောသည်။
ယခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသွားသူ ကျောင်းဒကာမ နှစ်ဦးမှာ အသက် ၅၀ ကျော်ခန့် ရှိသူတစ်ဦးနှင့် ကျန်တစ်ဦးမှာ ရုပ်မမှတ်မိနိုင်လောက်သည်အထိ ဖြစ်သွားသည်ဟု ဒေသခံရွာသား တစ်ဦးက ယခုလို ပြောသည်။
“ဗုံးထိတဲ့ သက်ကြီးအရွယ် အမျိုးသမီးတွေပါ။ တစ်ဦးကတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။ ကိုရင်းလေး တစ်ပါးနဲ့ ကိုရင်ကြီးတစ်ပါးတော့ တော်တော်ဒဏ်ရာပြင်းတယ်။ တခြား ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဦးဇင်း ၅ ပါး၊ ၆ ပါးလောက်ရှိတယ်။ နည်းနည်းပဲထိတဲ့ သူတွေလည်း များတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှ စ၍ စစ်ကောင်စီက ဒူးသထူ (သထုံ) ခရိုင်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များကို ဗုံးကြဲ တိုက်ခိုက်မှု တိုးလုပ်နေပြီး စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။