ရွှေကျင် ရေတွင်းကုန်းရွာ၌ ဗုံးကြဲခံရပြီး မီးလောင်သွားသည့် ကောက်ရိုးပုံကို မီးငြိမ်းသတ်ချိန် လက်နက်ကြီးကျ၍ တစ်ဦးသေဆုံး
ဧပြီ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ်၊ ရေတွင်းကုန်းကျေးရွာသို့ ဧပြီ ၁၈ ရက်နေ့တွင် စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက် ရာမှ ကောက်ရိုးပုံလောင်မီးတစ်ခု မီးလောင်သွားပြီး မီးငြိမ်းသတ်နေစဥ် လက်နက်ကြီး ပစ်ခတ်ခံရ၍ ဒေသခံအမျိုးသားတစ်ဦး ကျည်စထိမှန်သေဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။
အဆိုပါ ရေတွင်းကုန်းကျေးရွာ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီက ဧပြီ ၁၈ ရက်နေ့တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကောက်ရိုးပုံမီးလောင်သွားပြီး ရွာအတွင်းသို့ မီးကူးစက်မည်စိုး၍ ရွာသားများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြသည်။
ထိုသို့ မီးသတ်နေစဉ် ပိန်းဇလုပ်မြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၆၄ မှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက် မီးငြိမ်းနေသူ တစ်ဦး ကျည်စထိမှန် သေဆုံး သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။
“စာသင်ကျောင်းနားမှာ ကောက်ရိုးပုံရှိတယ်လေ။ ရွာနဲ့ နီးတယ်။ မနေ့ကလေယာဥ်နဲ့ ဗုံးလာကြဲချတဲ့ အချိန် အဲ့ကောက်ရိုးပုံပေါ်ကျလို့ ရွာသားတွေ မီးဝိုင်း ငြိမ်းကြတာ။ ငြိမ်းနေတုန်းပဲ ပိန်းဇလုပ်ဘက် ကနေ လက်နက်ကြီးလှမ်းထုတာနဲ့ အဲဒီအဖွဲ့ထဲက ရွာသားတစ်ယောက် သေတာပဲ” ဟု ၎င်း အမျိုးသားက ကေအိုင်စီသို့ ပြောသည်။
လေကြောင်းဗုံးကြဲမှုဖြစ်ပွားသည့်အချိန်နှင့် လက်နက်ကြီးပစ်ခတ်ခံရသည့်အချိန်တွင် ရွာအနီး တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဟု ဒေသခံများက ပြောသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူနေရာများကို အကြောင်းမဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့သလို သာသနာပိုင်အဆောက်အဦး၊ ပြည်သူပိုင် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ပြောဆိုထားသည်။
အလားတူ ယမန်နေ့တစ်ရက်တည်းတွင်ပင် ရေတွင်းကုန်းကျေးရွာအပြင် ကျောက်ကြီးမြို့နယ် မမရမ်း(အောက်ဘက်)ကျေးရွာတွင်လည်း စစ်တပ်က တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချသဖြင့် ဒေသခံပိုင် အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရသည်ဟု ကျောက်ကြီးနယ်ခံတို့က ပြောသည်။