ကလေးမြို့တွင် စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲပြီး ကလေးငယ် (၂) ဦး ပွဲချင်းသေဆုံး
(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယနေ့ဧပြီလ (၁၆) ရက်နေ့မနက်ပိုင်းက စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲပြီး အသက် ၅ နှစ် နှင့် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းသေဆုံး ခဲ့သည်ဟု သိရသည်။
ကလေးမြို့ဒေသခံတဦးက “နေပြည်တော်လို့ပြောတဲ့ ဝန်ထမ်းအိမ်ရာဖက်မှာ စကစထောင်ထားတဲ့မိုင်းကို ကလေးတွေယူဆော့ရင်းနဲ့ ပေါက်တာ ကလေးငယ် နှစ်ဦး ပွဲချင်း သေဆုံးတယ်။ဗုံးကွဲပြီးတဲ့နောက်ပိုင်း အဲ့ဖက်ကို စကစတွေ ခြေရှုတ် နေတာ” ဟုပြောသည်။
ကလေးမြို့၊ အနောက်ဖက် တောင်ဖီလာရပ်ကွက်တွင် နေပြည်တော်ဝန်ထမ်းအိမ်ရာတန်းလျားရှိပြီး စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲနေရာယူထားပြီး အနီးနားပတ်ဝန်းကျင်မှာ မိုင်းထောင်ထားလေ့ရှိသည်ဟု သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့် ကလေးငယ် ၂ ဦးမှာ ညီအကိုတော်စပ်သူများဖြစ်ကြသည်ဟုသိရသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဗိုလ်ချုပ်လမ်း၊ ကလေး-တီးတိန်-ဖလမ်းကားလမ်း၊ သူနာပြုကျောင်း၊ ကလေး-ကလေးဝလမ်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် နေ့စဉ် သံလုံကားဖြင့် ကင်းလှည့်စစ်ဆေးမှုများပြု လုပ်ကာ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟု သိရသည်။
ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဧပြီလ (၁၁) နေ့ကစတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက် Wifi လိုင်းများကို လေးရက်အကြာ ဖြတ်တောက်ခဲ့ရာ ယမန်နေ့ ဧပြီလ (၁၅) နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။