မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှု လူနေအိမ် ၇ လုံးခန့် ပျက်စီး
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွား ရာ အရပ်သားနေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်မြို့ ဒေသခံများထံမှ သိရသည်။
ဧပြီလ ၁၆ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံးဟု ယူဆရသော ဗုံး ၂ လုံးကို ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံတဦးက ပြောသည်။
“အရပ်သားပြည်သူ နေအိမ် ၇ လုံးဝန်းကျင်တော့ ထိခိုက်ပျက်စီးသွားတယ်။ အရပ်သားပြည်သူတွေ ထိခိုက်ပျက်စီးမှုက မရှိဘူး။ မင်းတပ်မြို့ထဲဘက်က လူတွေက မရှိကြဘူး။ စစ်ဘေးရှောင်ကနေပြန်မလာကြသေးဘူး။ မင်းတပ်မြို့ပေါ် အသွားအလာက တိတ်ဆိတ်နေတယ်။ စစ်ကောင်စီက ခဏ, ခဏ ဗုံးလာကြဲတော့ (ပြည်သူ) ကြောက်ကြလို့လေ” ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။
မင်းတပ်မြို့ပေါ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
ယခုရက်ပိုင်းများတွင် စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ခတ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရသည်။
ဧပြီလ ၁၃ ရက်ကလည်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (MBC) ကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်သွားရာ ပမာဏ ကြီးမားစွာ ထိခိုက်ပျက်စီး၊ ပြိုကျသွားကြောင်း၊ ဘုရားကျောင်းဝန်းအတွင်းက အဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားကြောင်းဟု သိရသည်။
ဧပြီလ ၉ ရက် မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းက ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာတွင် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သည်ဟု သိရသည်။
ယခုလပိုင်းတွင် စစ်ကောင်စီသည် ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို လေကြောင်း တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်နေသောကြောင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း၊ လူနေအိမ်များ၊ ရုံးအဆောက်အဦးများ၊ ဘုရားကျောင်းများ ထိခိုက်ပျက်စီးနေကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သတိပြု နေထိုင်သွားလာကြရန် ဒေသခံများနှင့် ချင်းတော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။